အပြင်ပန်းကိုကြည့်ပြီး ရောဂါကင်းတယ်လို့ မဆုံးဖြတ်စေလို
အဆင်လေးဆိုတိုင်း မီးနီဖြတ်ကူးပြီး ပလိန်းစားမယ်ကြံရင်တော့ အမှားကြီးမှားမယ်နော်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဟာ လူတိုင်းမှာရှိနေနိုင်သလို အပေါ်ယံလောက်လေး ကြည့်ပြီး ပိုးမရှိဘူး၊ ရောဂါကင်းတယ်လို့ တရားသေ ဆုံးဖြတ်လို့ မရပါဘူး။
အပေါ်ယံဆိုတဲ့နေရာမှာ ရုပ်ခန္ဓာသွင်ပြင်၊ မိသားစုနောက်ခံ၊ ချမ်းသာကြွယ်ဝမှု၊ အလုပ်အကိုင် စတာတွေ အားလုံးပါဝင်ပါတယ်။ လူရည်သန့်လေးဖြစ်နေနေ၊ လူချမ်းသာလေးပဲဖြစ်ဖြစ်၊ ပညာတွေ ဘယ်လောက် တတ်တတ် ခန္ဓာကိုယ်ထဲမှာ ဘယ်လိုကျန်းမာရေးပြဿနာရှိနေမယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ နောက်ပြီး လူ့အသွင်အပြင်ကို အပေါ်ယံကြည့်ရုံနဲ့ အပျော်အပါးလိုက်စားသူ ဟုတ်မဟုတ်လည်း ခွဲခြားသိမြင်နိုင်ဖို့ ခက်လှပါတယ်။
တကယ်ဆိုရင် လိင်အပျော်အပါးလိုက်စားခြင်းဟာ မကောင်းတဲ့ အလေ့အကျင့်ဆိုပေမယ့် လိင်မှုကိစ္စနဲ့ မကင်းနိုင်တဲ့ ပုထုဇဉ်လူသားတွေအနေနဲ့ ဒီလိုအမှုတွေ ကျူးလွန်နေတာ ထူးဆန်းတယ်တော့ မဟုတ်ပါဘူး။ ဒီအတွက် မှာချင်တာကတော့
၁။ တခြားဘာမှ မတွေးပါနဲ့။ ကိုယ်သဘောကျတဲ့သူ တွေ့လို့ နှစ်ဦးနှစ်ဖက် စိတ်ဆန္ဒရှိတယ်ဆိုရင် လွတ်လွတ်လပ်လပ် ဆက်ဆံလို့ ရပါတယ်။
၂။ ဘယ်သူနဲ့ပဲ ဆက်ဆံပါစေ၊ ကွန်ဒုံးကိုသုံးပါ။ မျက်စိစုံမှိတ်ပြီး ဆန္ဒနောက်ကို လိုက်ပါသွားရင် သူ့နောက်ကနေ နောင်တက ကပ်လိုက်လာမှာကို သတိပြုပါ။
၃။ တတ်နိုင်ရင် PrEP လို့ခေါ်တဲ့ HIV ပိုးကာကွယ်ဆေးကို အမြဲသောက်ပေးပါ။ ကျန်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေအတွက် ကာကွယ်တဲ့ဆေးမရှိသေးသလို HIV ဟာ ကူးစက်မှုအများဆုံး STI ဖြစ်တဲ့အတွက် ကိုယ့်ဘက်က ကြိုတင်ကာကွယ်မှုယူထားနိုင်ရင် အကောင်းဆုံးပါ။
၄။ အကယ်လို့ ကိုယ့်သဘောတူညီမှုမရှိဘဲ အဓမ္မပြုကျင့်ခံရတယ်ဆိုရင် HIV ပိုးကာကွယ်ဖို့ (၇၂) နာရီအတွင်း PEP အရေးပေါ်ဆေးကို သောက်ပေးပါ။
၅။ လေဒီလေးတွေအနေနဲ့ တားဆေးသောက်ရက်မပျက်ပါနဲ့၊ လိုအပ်လာရင် အရေးပေါ်တားဆေးကိုပါ ထပ်သောက်ပေးပါ။
၆။ လိင်ဆက်ဆံပြီး (၃) လပြည့်တဲ့နေ့မှာ သွေးစစ်ပါ၊ (၃) ပတ်မြောက်မှာ ဆီးစစ်ပါ။
HIV ပိုး ကူးစက်ခံရနှုန်းဟာ အခုနောက်ပိုင်း ကိုဗစ်အလွန်ကာလမှာ ပြန်ပြီးအဖြစ်များနေပြီမို့ အားလုံးပဲ ဆန္ဒကို သတိနဲ့ထိန်းကြဖို့မှာ လိုက်ပါရစေခင်ဗျာ။
ရဲမျိုးမြတ်